ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒဂုန်နတ်ရှင်

အမည်ရင်းမှာ ဦးမောင်မောင်ကြီးဖြစ်ပြီး၊ ကလောင် အမည်ခွဲများမှာ ပျဉ်းမနားဦးမောင်မောင်ကြီး၊ မန်းကြည်၊ ပျဉ်းမနားစုစု၊ ပါနောက်၊ ဝီလျံပါနောက် တို့ဖြစ်သည်။ အဖ ဦးရှိန်၊ အမိ ဒေါ်ခင်အိုကြီးတို့မှ ၁၈၉၈ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ မန္တလေးမြို့ အနောက်ပြင် အောင်နန်းရိပ်သာရပ်၊ ယွန်းတန်းလမ်း၌ မွေးဖွားသည်။
သုံးနှစ်သားအရွယ်ကပင် မြန်မာစာပေကိုစတင်သင်ကြားခဲ့သည်။ ရှင်သာမေဏဝတ်ဖြင့် သဒ္ဒါ၊ သဂြုႋဟ်စသည့် လောကုတ္တရာစာပေပေများကိုလည်း လေ့လာဆည်းပူးခဲ့သည်။ အင်္ဂလိပ်မြန်မာနှစ် ဘာသာသင် အထက်တန်းကျောင်းတွင် ပညာသင်ကြားသည်။
၁၉၁၉ ခုနှစ်တွင် ကျောင်းမှထွက်ပြီး ကြေးနန်းအင်ဂျင်နီယာဌာန၊ မင်းကြီးရုံးတွင် အမှုထမ်း သည်။ မကြာမီ အလုပ်မှထွက်ပြီး ပညာဆက်လက်သင်ကြားရင်း မော်ဒန်ဘားမားတိုင်းသတင်းစာတွင် လက်ထောက်အယ်ဒီတာ၊ ပျဉ်းမနားမြို့၊ နေရှင်နယ်ကျောင်းအုပ်ဆရာကြီး အဖြစ်ဆောင်ရွက်သည်။
ငယ်စဉ်ကပင် ဝါသနာအရ မြန်မာစာပေ၊ အင်္ဂလိပ်စာပေများ ဖတ်ရှုလေ့လာခဲ့သည်။ အသက် ၁၆ နှစ်အရွယ်က ဉာဏ်ကျယ် အုန်းဖေဝတ္ထုတစ်ပုဒ်ကို စမ်းသပ်ရေးခဲ့ဖူးသည်။ ဂီတကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ပျဉ်းမနားတွင်နေထိုင်စဉ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ကန်ဦးဆရာတော်၊ ဟံသာ ဝတီဦးနတ်သား၊ ဝံသရက်္ခိ ပိဋကတ်တိုက်ဆရာလှ စသောပညာရှိများထံချဉ်းကပ်၍ မြန်မာစာပေ၊ ပါဠိစာပေများလေ့လာလိုက်စားခဲ့သည်။ ပျဉ်းမနား၌ သီတင်းသုံးနေသော ပခန်းဆရာတော်နှင့် လယ်တီဆရာတော်တို့ထံ၌လည်း ဆည်းကပ်၍ လောကုတ္တရာဆိုင်ရာများ လေ့လာဆည်းပူးခဲ့သည်။
မဂ္ဂဇင်းများတွင် ပျဉ်းမနားမောင်မောင်ကြီး၊ မန်းကြည်ကလောင်အမည်များဖြင့် ကဗျာ၊ ဝတ္ထုတို၊ ဒဂုန်မဂ္ဂဇင်းသို့ ကဗျာများ ရေးသားပေးပို့ရာ မဂ္ဂဇင်းမန်နေဂျာက ဒဂုန်နတ်ရှင်ဟူ၍ ကလောင်အမည် မှည့်ပေးရာ ထိုအမည်ကို လက်ခံသုံးစွဲခဲ့သည်။
၁၉၂၉ ခုနှစ် ဒဂုန်မဂ္ဂဇင်းတွင် လက်ထောက်အယ်ဒီတာ၊ မြန်မာအဆွေအတွက် ရုပ်ရှင်ဇာတ် ညွှန်းများရေးသည်။ အိန်္ဒိယနိုင်ငံသို့ ရုပ်ရှင်သွားရိုက်ရာတွင် လိုက်ပါသွားခဲ့သည်။ ၁၉၃၃ ခုနှစ် ဒဂုန်မဂ္ဂဇင်း တိုက်မှ နုတ်ထွက်သည်။ ထို့နောက် မခင်ရီစာအုပ်ကိုယ်စားလှယ် အမည်ဖြင့် စာအုပ်ကော်မရှင်စားလုပ်ငန်း တစ်ခုတည်ထောင်လိုက်သည်။ ဇနီးဖြစ်သူအား ထိုလုပ်ငန်း ကို လုပ် စေသည်။ တက္ကသိုလ်သိပ္ပံမဂ္ဂဇင်းကို ကိုယ်တိုင်အယ်ဒီတာလုပ်၍ ကိုယ်တိုင်ထုတ်ဝေခဲ့သည်။ ထို့နောက် ဗဟိုသိပ္ပံမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ တိုးတက်ရေးမဂ္ဂဇင်း၊ ဆယ်သန်းဂျာနယ်တို့တွင် အယ်ဒီတာ၊ ၁၉၃၆ ခုနှစ်တွင် မောရိယနေ့စဉ်သတင်းစာ၊ ရန်ကုန်နေ့စဉ်သတင်းစာ၊ ၁၉၅၅ ခုနှစ် စတူးဒင့်ဝေါ အင်္ဂလိပ် သတင်းစာ တိုက်တို့တွင် အယ်ဒီတာချုပ် အဖြစ်ဆောင်ရွက်သည်။
ရန်ကုန်မြို့ ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ဆက်ဆံရေးအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာရေးအသင်း ဥက္ကဋ္ဌ၊ ဗုဒ္ဓသာသနာအဖွဲ့၊ ငါးပါးသီလ လုံခြုံရေးအဖွဲ့တို့တွင် ကော်မတီဝင်၊ ကျောင်းသုံးစာအုပ် ကော်မတီဝင် စသည့်တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။
ဒဂုန်မဂ္ဂဇင်း ယုဝတီစက္ခုကဏ္ဍတွင် “ပျဉ်းမနားစုစု”၊ “ပါနောက်”၊ “ဝီလျံပါ နောက်” အမည်များ ဖြင့် ရယ်ရွှင်ဖွယ်ရာများ၊ ဘုရားဟော ဇာတ်နိပါတ်များကို စိတ်ကူးဉာဏ်ဖြင့် ဖြည့်စွက်ရေးသည်။ ရုပ်ကြီးစင် ဇာတ်များလည်း ရေးသည်။
၁၉၅၅ ခုနှစ်တွင် မြန်မာစာပြုစု စာဆိုပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ်္တိဖြင့် စာပေဗိမာန် သုတပဒေသာ ဆု၊ ၁၉၈၃ ခုနှစ်တွင် မြန်မာ့ရိုးရာဂဏန်းသင်္ချာစာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....