ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒဂုန်ဦးထွန်းမြင့်

အဖ ဦးမောင်ဖေ၊ အမိ ဒေါ်နှင်းရည်တို့မှ ၁၉၀၈ ခု၊ ဇွန်လ ၂၇ ရက် စနေနေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ် (ယခင်ကဝမြို့နယ်) လသာကုန်းကျေးရွာ၊ မယ်သီလှကန်ရွာ၌ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ အမည်ရင်းမှာ ဦးထွန်းမြင့် ဖြစ်သည်။
အသက် ၁၃ နှစ်အရွယ်တွင် ကိုရင်ဝတ်နှင့် အခြေခံပညာ သင်ယူဆည်းပူးခဲ့သည်။ ၁၈ နှစ် သားအရွယ် ၁၉၂၅ ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမကြီးတန်းအောင်မြင်ခဲ့သည်။ ၁၉၂၇ ခုနှစ် တွင် ရဟန်းဝတ်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် သာသနာလင်္ကာရ ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့ပြန်သည်။
ဟင်္သာတမြို့ မြစ်ကွေ့ကျောင်းတိုက် စတုတ္ထမြစ်ကွေ့ဆရာတော် ဦးပညာဝံသထံတွင် နည်းနိဿရည်း ခံယူရင်း၊ တစ်ဖက်တွင်လည်း စာချဆရာတော်အဖြစ် သံဃာတော်များကို စာပေပို့ချ သည်။ ဟင်္သာတခရိုင် မယ်ဇလီကုန်းမြို့ တက်ဆိပ် ကျောင်းတိုက်တွင်လည်း စာပေပို့ချခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် မန္တလေးတောင်ပြင်ထီးလင်းတိုက်တွင် သီတင်းသုံးကာ စာချဆရာတော် အကျော်အမော် များထံစာ လိုက် ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ငယ်ဆရာကို ကျေးဇူးဆပ်သည့်အနေဖြင့် သန်လျင်မြို့နယ် လဟာရက်ရွာကျောင်း ကို “ပထမပြန်စာသင်တိုက်” အဖြစ် ထူထောင်ရာတွင်ပါဝင်ခဲ့သည်။ ထိုစာသင် တိုက်မှာ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြင့် ကျော်ကြားခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် လူဝတ်လဲ သည်။ ကိုရင်ဘဝကပင် စာစတင်ရေးခဲ့ရာ သက္ကရာဇ် ၁၂၉၃ ခုနှစ် နယုန်လထုတ် လယ်တီ တရား သတင်း စာတွင် ကဗျာတစ်ပုဒ် စတင်ဖော်ပြခံရသည်။
ပထမပြန်သဒ္ဒါ(၁၉၃၉)၊ တင်တင်မြဝတ္ထု(တတိယတွဲ)(၁၉၄၁)၊ လယ်တီဦးဇဋိလဆရာတော် ဘုရားကြီး ၏ ထေရုပ္ပတ္တိကထာ(၁၉၄၈)၊ အခြေခံဗုဒ္ဓဘာသာ(၁၉၆၀)၊ အနန္တကဗျာ(တစ်ကြိမ်-၁၉၆၂)၊ မင်္ဂလာကဗျာ(၁၉၆၅)၊ ဂေါတမဗုဒ္ဓမြတ်စွာ ဘာပြောခဲ့သလဲ(၁၉၆၅)၊ ဗုဒ္ဓ၏သြဝါဒအမြုတေ(“ဗုဒ္ဓ မြတ်စွာ ဘာပြောခဲ့သလဲ”ကို ဖြည့်စွက်တည်းဖြတ်)(၁၉၆၇)၊ ဗုဒ္ဓတရား(ဒုကြိမ်တွင်“ဗုဒ္ဓ၏သြဝါဒအမြု တေ(၂)”ဟု ပြောင်း)(၁၉၆၇)၊ ပါဠိသက်ဝေါဟာရ အဘိဓာန် (၁၉၆၈)၊ ဇာတကြီးဆယ်ဘွဲ့(၁၉၇၃)၊ မဟာရာမဝတ္ထု(၁၉၇၃)၊ ဗုဒ္ဓဘာသာ ကမ္မဝါဒနှင့် မြန်မာ့ယဉ်ကျေးမှု(၁၉၇၇)၊ စကား(?)၊ ငါးပါးသီလ ကဗျာ(?)တို့ကို ပြုစုခဲ့သည်။ သုဓမ္မဝတီပုံနှိပ်တိုက်အတွက် သုဓမ္မဝတီအနှစ်ငါးဆယ်(၁၉၅၃)၊ မြန်မာနိုင်ငံသုတေသနအသင်းအတွက် သတ္တုရူပကဝိလာသနီကျမ်း(၁၉၆၁)နှင့် ဒုတိယ တောင်ဘီလာ ဆရာတော် ဂုဏရံသာလင်္ကာရပြုစုသော အစိန္တေယျဝတ္ထု(၁၉၈၀)တို့ကို တည်းဖြတ်ပေးခဲ့သည်။
ဟင်္သာတခင်ညို၊ အရှင်တေဇောသာရ(မန္တလေးစာသင်သား)၊ ဒဂုန်တေဇောစသည့် ကလောင် အမည်ခွဲများဖြင့်လည်း ဆောင်းပါးများ၊ ဗုဒ္ဓယဉ်ကျေးမှုအခြေခံဝတ္ထုတိုများကိုလည်း ရေးဖွဲ့ခဲ့သည်။
၁၉၇၂ ခု အောက်တိုဘာလ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်များ ဆေးရုံ၌ အသည်း ကင်ဆာရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။