ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ထင်လင်း

အမည်ရင်းမှာ ဦးသိန်းမောင်ဖြစ်ပြီး ကလောင်အမည်ခွဲ မှာ သိန်း(အညာ) ဖြစ်သည်။ အဖ အခွန်တော်မြေတိုင်းစာရေးကြီး ဦးဘိုးပေါ်၊ အမိ ဒေါ်လှတို့မှ ၁၉၁၉ ခုနှစ်၊ မေလ ၉ ရက်တွင် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ညောင်လယ်ရွာ၌ မွေးဖွားသည်။ မွေးချင်းလေး ယောက်တွင် ဒုတိယမြောက်ဖြစ်သည်။
ညောင်လယ်ရွာဘုန်းတော် ကြီး ဦးစိတြကျောင်း၌ စတင်ပညာသင်ယူသည်။ ၁၉၂၉-၃၀ ခုနှစ်တွင် ထန်းတပင် ဇီကုန်း ဦးသာဂျမ်းအလယ်တန်းကျောင်း၌ လေးတန်းအထိ၊ ၁၉၃၀-၃၁ ခုနှစ်တွင် ရွှေဘိုအက်စ်ပီဂျီသာသနာပြုကျောင်း၊ ၁၉၃၉ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီး၊ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ဆည်းပူးသည်။ ၁၉၅၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိပြီး ၁၉၅၄ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ရသည်။
၁၉၃၉-၄၇ ခုနှစ်တွင် ရွှေဘိုအရေးပိုင်ရုံးစာရေး၊ ကန့်ဘလူနယ်ပိုင်ရုံးတွင် ဒုတိယစာရေး၊ မြို့ပိုင်ရုံးတွင် စာရေးကြီး၊ တန့်ဆည်၊ ခင်ဦး၊ ဝက်လက်တို့ ပြောင်ရွှေ့တာဝန်ထမ်းဆောင်ရသည်။ ၁၉၄၈ ခုနှစ်တွင် စာပေဗိမာန်တွင်စာပြုအဖြစ်လည်းကောင်း၊ ၁၉၄၉-၅၄ ခုနှစ်တွင် လက်ထောက် စာတည်းအဖြစ်လည်းကောင်း၊ ၁၉၅၄-၅၅ ခုနှစ်တွင် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာန၌ လက်ထောက် စာတည်းအဖြစ် အမှုထမ်းပြီး မဟာဝိဇ္ဇာတန်းဆက်တက်သည်။ ၁၉၅၉ ခုနှစ်တွင် ငွေတာရီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ ငွေတာရီစာစဉ် တည်ထောင်ပြီး၊ ငွေတာရီစာစဉ်၌ တွဲဖက် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ်မှစ၍ ဦးခင်မောင်လတ်နှင့်အတူ အလွတ်ပညာ သင်ကျောင်းဆရာအဖြစ် အသက်မွေးဝမ်း ကျောင်းပြု သည်။ ၁၉၆၁ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စုသို့လေ့လာရေးခရီးစဉ်အဖြစ် လေးလတာမျှသွားရောက်ကာ အပြန်တွင် ဂျပန်သို့ဝင်၍ ယူနက်စကိုအကူအညီဖြင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းများကို လေ့လာခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အိန်္ဒိယနိုင်ငံ ဘုံဘေမြို့အနီး အီဂတ်ပူရီရှိ ဓမ္မဂီရိကုန်းမြေ၌ ကျင်းပသော အပြည် ပြည်ဆိုင်ရာ ဝိပဿနာဘာဝနာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကာ ဝိပဿနာဘာဝနာစာတမ်းကို ဖတ်ကြားခဲ့ သည်။
စာပေလောက “နယ်ပိုင်ဦးထုပ်” ဝတ္ထုကို “သိန်း(အညာ)”ကလောင်အမည်ဖြင့် စာစတင် ရေးသားခဲ့ သည်။ ၁၉၄၈ ခုနှစ်တွင် ပဒေသာ မဂ္ဂဇင်း၌ “ထင်လင်း” အမည်ဖြင့် စယူသည်။ ၎င်းအပြင် စာနယ်ဇင်းများတွင် ၁၉၄၇ ခုနှစ်မှစ၍ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားခဲ့သည်။ ရေးသားခဲ့သည့်စာအုပ်များမှာ မဟေသီ(၁၉၅၃)၊ အလီဘာ၏ဂူနှင့်အခြားစုံထောက် ဝတ္ထုများ[တက္ကသိုလ်ဥပစာတန်းပြဌာန်း အင်္ဂလိပ်စာဘာသာပြန်] (၁၉၆၃)၊ မောဂ္ဂလိ(၁၉၇၄)၊ စည်း အပြင်ကလူ(၁၉၇၄)၊ မေတ္တာရှင်မလေး ပေါ်လီယာနာ(၁၉၇၄)၊ တစ်ကျွန်းစံ၏အပြန်လမ်း(၁၉၇၆)၊ ပလိပ်(၁၉၇၇)၊ အဆိပ်(၁၉၈၁)စသည်တို့ကို ဘာသာပြန်ခဲ့သည်။ မြစိမ်းရောင် ရင်ခွင်သို့အပြန် (၁၉၇၅)၊ ဘယ်ဆီဘယ်ဝယ်(၁၉၇၆)၊ စောင်းကြိုးတင်းသည့် သီချင်းသံဝတ္ထုတိုများ(၁၉၇၇)၊ လယ်တောမှအပြန်နှင့် လက်ရွေးစင်ဝတ္ထုတိုများ(၁၉၉၁)၊ ချစ်သူရင်ခွင်ထက်၌ အိပ်စက်ခြင်း(၁၉၉၄)၊ ထင်လင်းပုံပြင်(၁၉၉၉)တို့ ရေးသားခဲ့သည်။
“မောဂ္ဂလိ” ဖြင့် ၁၉၇၄ ခုနှစ်တွင် အမျိုးသားစာပေ ဘာသာပြန်ဆု၊ ၁၉၉၁ ခုနှစ်တွင် “လယ်တောမှအပြန်နှင့် လက်ရွေးစင်ဝတ္ထုတိုများ”ဖြင့် အမျိုးသားစာပေဝတ္ထုတို ပေါင်းချုပ် ဆုရရှိခဲ့သည်။
၁၉၉၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....