ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ခင်နှင်းယု

အဖ အစိုးရကျောင်းဆရာကြီး ဦးဘ၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၉၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက် တနင်္လာနေ့ တွင် ဧရာ ဝတီတိုင်း ဝါးခယ်မမြို့၌ မွေးဖွားသည်။မွေးချင်းခုနစ်ယောက်တွင် ငါး ယောက်မြောက် ဖြစ်ပြီး အမည်ရင်းမှာ ဒေါ်ခင်စု ဖြစ်သည်။
၁၉၃၀ ခုနှစ်တွင် ဝါးခယ်မမြို့ ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်း၌ စတင် ပညာသင်ကြား သည်။ ၁၉၄၀ ခုနှစ်တွင် ဝါးခယ်မမြို့ ဦးဘိုကြီး မြန်မာစာအထက်တန်းကျောင်း၌ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ပညာဆည်း ပူးခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ဆယ်တန်း၊ ၁၉၄၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်မြင်သည်။ ၁၉၅၆ ခုနှစ် သက်ကြီးတက္ကသိုလ်၌ ပညာသင်ယူရာ ဥပစာ ဝိဇ္ဇာစာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာ ဆည်းပူးခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝါးခယ်မ ကျောင်းသားသမဂ္ဂအမှုဆောင် (၁၉၃၈-၃၉)၊ ကျောင်းသားရေးရာများနှင့် တို့ဗမာ အစည်းအရုံး နိုင်ငံရေး လှုပ်ရှားမှုများပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အမျိုးသမီးဌာနအတွင်းရေးမှူး (၁၉၄၃)၊ ဖဆပလသတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး၊ ဖဆပလသတင်းစဉ် လက်ထောက် အယ်ဒီတာ (၁၉၄၆)၊ ယင်းဌာန တွင် တွဲဖက်အတွင်းရေးမှူးနှင့် ဖဆပလသတင်းစဉ်တွင် တာဝန်ခံအယ်ဒီတာ(၁၉၄၇)၊ ဝန်ကြီးချုပ် ၏ အတွင်းရေး အတွင်းဝန်(၁၉၄၈-၁၉၅၉)အစရှိသည်တို့ဆောင်ရွက်ခဲ့သည်။
၁၉၄၆ ခုနှစ်မှစ၍ “မခင်စု”အမည်ရင်းဖြင့် ဖဆပလသတင်းစဉ်တွင် ဆောင်းပါးများ စရေးခဲ့ သည်။ ၁၉၄၇ ခုနှစ် တွင် “အချို”ကလောင်အမည်ဖြင့် သတင်းစုံဂျာနယ်၌ ဝတ္ထုတိုများ၊ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးအထိမ်းအမှတ် စာပေပြိုင်ပွဲတွင် “မျောက်လောင်း”ဝတ္ထုတိုဖြင့် တတိယ ရွှေတံဆိပ်ရခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ခင်နှင်းယု ကလောင်အမည်ဖြင့် ပထမဆုံးရေးသာသော ဝတ္ထုမှာ စာပဒေသာမဂ်္ဂဇင်းတွင်ပါရှိသည့် “အရိုင်း”ဖြစ်သည်။ လုံးချင်းဝတ္ထု (၁၇)အုပ်၊ မဂ္ဂဇင်းဝတ္ထု ရှည် (၂၀)ပုဒ်၊ ဝတ္ထု(၁၀၀)ကျော် ရေးသားပြုစုခဲ့သည်။ ဝတ္ထုတိုအချို့ကို ဂျာမန်၊ ရုရှား၊ ဂျပန် ဘာသာများသို့ ပြန်ဆိုခဲ့သည်။ မွှေး(၁၉၅၉)၊ ဆောင်းတွင်းပန်း(၁၉၅၃)၊ သခွပ်ပန်း (၁၉၆၂)၊ ပန်းပန်လျက်ပါ(၁၉၆၂)၊ သပြေ(၁၉၆၃)၊ ယဉ်မင်းပိုက်(၁၉၆၄)၊ ကြေးမုံရိပ်သွင်ဝတ္ထုတိုများ (၁၉၆၀)၊ မိုးကျော်သူ(၁၉၆၃)၊ စိမ်းသင့်မှစိမ်း(၁၉၆၀)၊ ပွဲတွေ့အမြတ်တရား(၁၉၈၁)၊ လက်ရွေးစင်ဝတ္ထုတို များ(၁၉၅၂-၁၉၉၆)၊ မြကြာဖြူ(၁၉၉၅)တို့မှာ ထင်ရှားသည်။ “ကြေးမုံရိပ်သွင်ဖြင့် စာပေဗိမာန်ဆု (၁၉၆၀)၊ “မြကြာဖြူ” ဖြင့် အမျိုးသားစာပေဆု (၁၉၉၅)ကို ရရှိခဲ့သည်။
၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် အင်္ဂါနေ့ နံနက် ၈း၃၀ နာရီတွင် ကွယ်လွန်ခဲ့သည်။