ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ငြိမ်းကျော်

ငြိမ်းကျော်ကို ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် အင်းစိန်မြို့၌ အဖ ကျောင်းဆရာဟောင်း နာရီပြင်ဆရာဦးအေးမောင်နှင့် အမိ ဒေါ်အုန်းတို့က အင်းစိန်မြို့၊ ပေါက်တောရပ်ကွက်တွင် ဖွားမြင်ခဲ့သည်။ တစ်ဦးတည်းသား ဖြစ်သည်။ အမည်ရင်းမှာ ဦးမောင်မောင်ကြီး ဖြစ်ပါသည်။
ငယ်စဉ်က အင်းစိန် ဦးငွေထွန်း မူလတန်းကျောင်းနှင့် ဒေါ်ချစ်မေ မူလတန်းကျောင်းတို့တွင် ပညာသင်ခဲ့ပြီး ငါးတန်းမှစ၍ အင်းစိန်အစိုးရ အထက်တန်းကျောင်း၌ ပညာသင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အင်းစိန် နည်းပြသိပ္ပံ အလွတ်ပညာသင်ကျောင်း၌ ပညာသင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ၊ ၁၉၆၆ ခုနှစ်တွင် တက်္ကသိုလ်ဝင်စာမေးပွဲတို့ကို အောင်မြင်ခဲ့သည်။ ၁၉၆၇ ခုနှစ်မှစ၍ ရန်ကုန် တက်္ကသိုလ်တွင် ဆက်လက်ပညာသင်ယူခဲ့ရာ ၁၉၇၄ ခုနှစ် တွင် ဝိဇ္ဇာဘွဲ့ရသည်။
အင်းစိန်အစိုးရ အထက်တန်းကျောင်းတွင်နေစဉ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင် အဖြစ် တာဝန်ယူခဲ့သည်။
၁၉၅၉ ခုနှစ်မှစ၍ ဝတ္ထုတိုများ စရေးသည်။ ၁၉၆၂ ခုနှစ်တွင် မြဝတီမဂ်္ဂဇင်း၌ “မောင်ယမုန်” ကလောင် အမည်ဖြင့် “ချစ်သည်သာ ဆိုရုံမျှနှင့်” ဝတ္ထုတိုကို စရေးသည်။ ၁၉၆၃ ခုနှစ်တွင် “ငြိမ်းကျော်” ကလောင်အမည် ယူ၍ မြဝတီမဂ္ဂဇင်း၌ပင် “ကိုဘောဂ” ဝတ္ထုတိုကို ရေးသည်။
ဝတ္ထုများအပြင် စာပေယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကိုလည်း ရေးသည်။ သုတေသနဆောင်းပါး များကိုလည်း အမည်ရင်း “ဦးမောင်မောင်ကြီး” ကလောင်အမည်ဖြင့် ရေးသားသည်။
၁၉၇၃ ခုနှစ်တွင် “ငြိမ်းကျော်” ကလောင်အမည်ဖြင့်ပင် သုဓနု မနော်ဟရီဇာတ်နှင့် သမိုင်းကြောင်း သုတေသနပြုထားသော ငွေတောင်စာအုပ်တစ်အုပ် ပြုစုခဲ့သည်။ ထိုစာအုပ်သည် ထိုနှစ်အတွက် အမျိုးသား စာပေ သုတပဒေသာ (ဝိဇ္ဇာ) ဆုရခဲ့သည်။
ငြိမ်းကျော်သည် ယခုအချိန်အထိ အချစ်ဝတ္ထုများကိုသာ ရေးသားနေသော စာရေးဆရာတစ်ဦး ဖြစ်သည်။ စာလုံးအရေအတွက် များပြားသောဝတ္ထုအမည်ကို သုံးစွဲ၍ ပရိသတ်ကို ဖမ်းစားနိုင်ရန် ကြိုးပမ်းသော စာရေးဆရာတစ်ဦး ဖြစ်သည်။ သူ၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ နှလုံးသားမြို့ဟောင်းတူးဖော်ချက်အစီရင်ခံ စာ (၁၉၇၅)ဖြစ်သည်။ တတိယမြောက်ဝတ္ထု အချစ်ဦးသို့ ရွှေနားတော်သွင်းဧချင်း (၁၉၇၆)သည် မိဘနှင့် သား သမီးတို့ ချစ်ရေးကိစ္စကို အဓိကထား ရေးဖွဲ့သော ဇာတ်လမ်းဖြစ်သည်။ မိုးမသောက် မှောင်မိုက် အရိပ်မပြေးမီ (၁၉၇၆)သည်လည်း အချစ်ဝတ္ထုတစ်ပုဒ်ပင်ဖြစ်သော်လည်း သေခြင်းတရားကို ဆန့်ကျင်ဦးတည် ထား၏။အချစ်ကိုရှာဖွေရင်း အချစ်ကိုမတွေ့ဘဲ ဘဝကိုသာ တွေ့ရသောအဖြစ်ကို အချစ်ရပ်ဝှမ်းဒေသ (၁၉၇၉) တွင် ဖွဲ့ထား၏။ အ သုံးလုံး လှုပ်ရှားမှုကို နောက်ခံပြုလျက် အချစ်ဇာတ်လမ်းဖွဲ့ထားသောဝတ္ထုမှာ ပန်းစာဖြူ (၁၉၈၀) ဖြစ်သည်။
ငြိမ်းကျော်သည် လုံးချင်းဝတ္ထု ၅၄ အုပ်၊ ဝတ္ထုတို ဝတ္ထုလတ် ၁၀၀ ကျော်၊ ဆောင်းပါး ၁၄ ပုဒ်၊ သုတေသနစာတမ်း ခုနစ်စောင်၊ ဝတ္ထုတို သုံးပုဒ်ပေါင်း တစ်အုပ်နှင့် အခြားစာရေးဆရာများနှင့် တွဲဖက်ရေး ဝတ္ထုသုံးအုပ် ထုတ်ဝေခဲ့သည်။ ဝတ္ထုအားလုံးလိုပင် အချစ်ဇာတ်လမ်းကို ဖွဲ့ထားခြင်းဖြစ်သည်။
၁၉၉၅ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အင်းစိန်မြို့၊ ပေါက်တောနေအိမ်၌ ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....