ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

စိန်ခင်မောင်ရီ

အမည်ရင်းမှာ ဦးခင်မောင်ရီဖြစ်ပြီး၊ ငယ်နာမည် အညိုဖြစ်သည်။ ကလောင် အမည်ခွဲများမှာ ယဉ်ငြိမ်း၊ ခင်မောင်ရီ၊ နန်းမြိုင်တို့ ဖြစ်သည်။ အဖ ခရိုင်ရဲဝန် ဦးဘသော် (ပုလိပ်အရာရှိတစ်ဦး)၊ အမိ ဒေါ်မမလေးတို့က ၁၉၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် မုံရွာမြို့အနီး၊ အလုံမြို့၌ မွေးဖွားသည်။ မွေးချင်း ခြောက်ဦးအနက် အကြီးဆုံးဖြစ်သည်။
မုံရွာအမျိုးသားအလယ်တန်းကျောင်း၊ ဗုဒ္ဓဘာသာအထက်တန်းကျောင်းတို့တွင် ဒသမတန်းထိ ပညာသင် ကြားခဲ့သည်။ ၁၉၆၃ ခုနှစ် တွင် သတင်းစာဆရာအဖွဲ့ဝင်တစ်ဦးအဖြစ် အင်္ဂလန်သို့ သွားရောက် လေ့လာ ခဲ့သည်။
ဂျပန်ခေတ် မုံရွာခရိုင် အာရှလူငယ်အစည်းအရုံး၊ ဉာဏဗလမှူး၊ ၁၉၄၇ ခု၊ မန္တလေးခရိုင်ကျောင်း သားသမဂ္ဂ ဥက္ကဋ္ဌ၊ ၁၉၄၉ ခု ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ဝင်နှင့် ၁၉၄၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ကြိုးကိုင်ကော်မတီဝင် ၅ ဦးတွင် တစ်ဦးအပါအဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၉ ခုနှစ်တွင် တာ့ရှ်ကင့်အာရှ-အာဖရိက စာရေးဆရာညီလာသို့ စာရေးဆရာကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့သည်။ စစ်ပြီးခေတ် မုံရွာတွင်နေစဉ်ကပင် နယ်သတင်းထောက်အလုပ် လုပ်ခဲ့ သည်။ ၁၉၄၈-၄၉ ခုနှစ်တွင် ပဒေသာမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၅၂ ခုနှစ်တွင် ကြေးမုံမဂ္ဂဇင်းကို တည်ထောင်သည်။ ၁၉၅၂-၅၆ ခုနှစ်တွင် အိုဝေသတင်းစာ၊ စီးပွားရေးသတင်းစာ၊ ဗမာ့ခေတ် သတင်းစာတို့တွင် အယ်ဒီတာ အဖွဲ့ဝင်အဖြစ်လည်းကောင်း ညအယ်ဒီတာအဖြစ်လည်း ကောင်း တာဝန်ယူခဲ့၏။ အင်္ဂလိပ်ဘာသာထုတ် ယူနီယံဂေဇက်သတင်းစာ၏ တွဲဖက်အယ်ဒီတာလည်း ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလအထိ ကြေးမုံဂျာနယ်၊ ကြေးမုံသတင်းစာတို့တွင် အယ်ဒီတာ ချုပ်အဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ် စက်တင်ဘာ လတွင် အိုးဝေဂျာနယ် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင် ရွက်ခဲ့သည်။ ၁၉၆၉ ခု၊ ဧပြီလမှစ၍ ဖြူနီ ညိုပြာမဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာအဖြစ်၊ မှုခင်းမဂ္ဂဇင်း (နောင်တွင် ပြစ်မှုမဂ္ဂဇင်း)ကိုလည်း ဦးစီးတည်ထောင်ခဲ့သည်။
၁၉၄၉ ခုတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်ဖြစ်လာပြီး ၁၉၅၁-၅၂ ခုနှစ်တွင် အမှုဆောင်၊ ၁၉၅၅ ခုတွင် တွဲဖက်အတွင်းရေးမှူး၊ ၁၉၅၉ မှ ၁၉၆၅ ခုအထိ အတွင်းရေးမှူးတာဝန်များကို ယူခဲ့ သည်။ ၁၉၆၂ ခုတွင် မြန်မာနိုင်ငံသတင်းစာကောင်စီအတွင်းရေးမှူး၊ မြန်မာနိုင်ငံရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင်အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်းက တင်ဆက်ကပြခဲ့သော နတ်သျှင်နောင်ပြဇာတ်နှင့် မြဝတီ ပြဇာတ်တို့တွင် တွဲဖက်ဒါရိုက်တာ လုပ်ခဲ့သည်။ ထို့အပြင် ဦးပုည၊ လှိုင်ထိပ်ခေါင်တင်နှင့် မောင်ဖေငယ် ပြဇာတ်များတွင် ဒါရိုက်တာလုပ်ခဲ့သည်။ “ရွှေလက်ဖြင့်ခေါ်လည်းမလာ” ရုပ်ရှင်အတွက် ဝတ္ထုဇာတ် ညွှန်းနှင့် “အမွန်ကတစ်ဖက်၊ သူတို့ကတစ်ဖက်” ရုပ်ရှင်အတွက် ဝတ္ထုရေးခဲ့သည်။ သီချင်းများလည်း ရေးခဲ့ရာ စောင်းသိန်းဖေဆိုသော“ငွေညှို့ပင်” သီချင်းသည် ထင်ရှားသောလက်ရာဖြစ်သည်။
ရေးခဲ့သည့်စာအုပ်များမှာ “ယဉ်ငြိမ်း” ကလောင်အမည်နှင့် ဘာသာပြန်များ၊ သူခိုးနှင့်အရိုးခမ လေး၊ ဆိုဖီယာရဲ့ ဆိုဖီယာ(၁၉၈၂)၊ “ခင်မောင်ရီ” (နောင်တွင် စိန်ခင်မောင်ရီ)အမည်ဖြင့် ရုပ်ရှင် ဝေဖန်ရေးဆောင်းပါးများ၊ “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ” ခေါင်းစီးဖြင့်ရေးခဲ့သော ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးများ၊ “စိန်ခင်မောင်ရီ” ကလောင် အမည်ဖြင့် မြေပိုင်ရှင်ဦးကံကောင်းနှင့် သမီးများ၊ ကြက်ကင်၊ ဒိုင်းညှောင့်၊ မျက်နှာဖုံး စသောပြဇာတ် များ၊ ၁၉၈၃ ခုနှစ် ဝါးတဲကလေး၊ ၁၉၈၅ ခုနှစ် အနာတဟန်တို့ကို ဘာသာပြန်ခဲ့သည်။၁၉၈၅ ခုနှစ်တွင် “အနာတဟန်”ဖြင့် အမျိုးသားစာပေ ဘာသာပြန် (သုတ)ဆုကို ရရှိခဲ့သည်။၁၉၉၂ ခုနှစ်၊ မတ်လ ၇ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....