ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ရွှေကိုင်းသား

ခမည်းတော် မြန်မာဆေးဆရာကြီး ဦးအုံ၊ မယ်တော် ဒေါ်မြတို့မှ ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက် သောကြာနေ့တွင် စစ်ကိုင်းမြို့ တကောင်းရပ်၌ ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်အနက် စတုတ္ထမြောက်သားဖြစ်၍ ငယ်မည်မှာ မောင်ထွန်းလှိုင် ဖြစ်သည်။
စစ်ကိုင်းမြို့တကောင်းရပ် ဆရာကြီးဦးဘိုးလူ အလယ်တန်းကျောင်းတွင် သုံးတန်းထိ ပညာ သင်ကြားခဲ့သည်။ စတုတ္ထတန်းတွင် ရွှေတောဦးမော် အထက်တန်းကျောင်းသို့ ပြောင်းခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် တိုင်းရင်းမြန်မာဘာသာ သတ္တမတန်း အောင်မြင်ခဲ့သည်။ ထို့နောက် စစ်ကိုင်းမြို့ ချင်းစုရပ် ဆရာကြီးဦးဘသန်းထံတွင် ပန်းချီနှင့် ဓာတ်ပုံပညာကို သင်ယူ သည်။ ဗေဒင်နှင့် နက္ခတ်ကြည့်နည်းကို လည်း သင်ယူခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ပျဉ်းမနားမြို့ နော်မန်ကျောင်းမှ မူလတန်းဆရာဖြစ် သင်တန်းကို `အေ`အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ကျောင်းဆရာမလုပ်ဘဲ ၁၉၃၁ ဧပြီမှစ၍ မန္တလေးမြို့ ကမ္ပည်းကျောက်စာရုံး (ယခု ရှေးဟောင်းသုတေသနဌာန)တွင် ပုံဆွဲစာရေးအဖြစ် ဝင် ရောက်အမှုထမ်းခဲ့သည်။ ၁၉၃၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် သူရိယရုပ်စုံသတင်း စာတွင် ရတနာပုံလှိုင်အေးအမည်ဖြင့် ရေးသားခဲ့သည့် မင်းရှင်စောဆောင်းပါးမှာ ပထမဆုံးစာမူ ဖြစ်သည်။ ရတနာပုံ ဖိုးမှတ်စု၊ မှတ်စုမောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလးသား၊ ရွှေကိုင်းသား၊ ဦးသောဘိတ စသော ကလောင်အမည်ဖြင့်လည်း စာများရေးသားခဲ့သည်။ ပန်းချီ၊ ကာတွန်းနှင့် ဓာတ်ပုံပညာတွင်လည်း ထူးချွန်သည်။
၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရဟန်းဘောင်သို့ ဝင်သည်။ ဘွဲ့အမည်မှာ ဦးသောဘိတဖြစ်သည်။ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် သမိုင်းကြောင်းဆိုင်ရာများကို လေ့လာခဲ့၊ သုတေသနပြုရေးသားခဲ့သည်။ ပြုစုခဲ့သော စာအုပ်အချို့မှာ မန္တလေး၊ အနှစ် ၁၀၀ ပြည့် မန္တလေး၊ ဆင်ယင်ထုံးဖွဲ့မှု၊ ဝက်မစွတ်မြို့စား ဒုတိယနဝဒေး (၁၉၆၆)၊ ပိတောက်ချောင် နှစ် ၂၀၀ ပြည့် သမိုင်း (၁၉၆၃)၊ ပတ္တမြားစေတီဘုရားသမိုင်း (၁၉၆၀)၊ ပုညရှင်ဘုရားသမိုင်း (၁၉၆၀)၊ ရတနာစေတီဆင်များ ရှင် ဘုရားသမိုင်း (၁၉၅၇)၊ လောကမကိုဋ်ဘုရားသမိုင်း (၁၉၅၈)၊ ရွှေကြက်ယက်ဘုရားသမိုင်း (၁၉၆၈)၊ စစ်ကိုင်းမြို့ ထူပါရုံဘုရားသမိုင်း (၁၉၆၈) စသည်တို့ဖြစ်သည်။ ၎င်းအနက် မန္တလေး (ရတနာ ဖိုးမှတ်စု) (၁၉၄၆)၊ ဆင်ယင်ထုံးဖွဲ့မှု (၁၉၅၁) နှင့် အနှစ် ၁၀၀ ပြည့် မန္တလေး (၁၉၅၉) တို့မှာ အထူးထင်ရှားသည်။ ဆင်ယင်ထုံးဖွဲ့မှုကျမ်းဖြင့် ၁၉၅၁ ခုနှစ် စာပေဗိမာန် စာပဒေသာဆုကို ဆွတ်ခူး ခဲ့သည်။
၁၉၈၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပျံလွန်တော်မူသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....