ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

စိန်စိန်

အဖ လယ်သမားကြီး ဦးမိုးသီး၊ အမိ ဒေါ်ကျီးညိုတို့မှ ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် ကြာသပတေးနေ့တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ မွေးချင်း ၈ ယောက်ရှိ သည့်အနက် အထွေး ဆုံးဖြစ်သည်။ ငယ်နာမည် အပု ဖြစ်ပြီး ဂနိုင်မေ ၊ အထွေး၊ စိန်စိန် စသည့် ကလောင်အမည်ခွဲများဖြင့် စာပေရေးသားခဲ့သည်။ ငယ်စဉ်ကတည်းက စာရေး၊ စာဖတ် ဝါသနာပါခဲ့ရာ ၁၂ နှစ်အရွယ်တွင် စာစတင်ရေးသားသည်။ ဇီးကုန်းမြို့နယ် ဦးသာဇံ မြန်မာအလယ်တန်းကျောင်း၊ သာယာဝတီမြို့ အေဘီအမ်အထက် တန်းကျောင်းတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။
ငယ်စဉ်ကပင် မျိုးချစ်စိတ်ထက်သန်ပြီး တို့ဗမာအစည်းရုံးသို့ဝင်ရောက်သည်။ မြို့နယ်အမျိုး သမီးဌာနအတွင်းရေးမှူးအဖြစ် တာဝန်ယူကာ “ရဲရဲတောက် စိန်စိန်”ဟု အမည်ရခဲ့သည်။ ၁၉၄၅ ခုနှစ် အသက် ၁၇ နှစ်အရွယ် အနာကြီးရောဂါရကာ ၁၅ နှစ်ကြာ ဝေဒနာခံစားရပြီး ၁၉၆၀ ပြည့်နှစ်ဝန်း ကျင်တွင် အနာကြီး ရောဂါပျောက်ကင်းခဲ့သည်။ ဝေဒနာခံစားနေရသော်လည်း ဘဝကို ကြံ့ကြံ့ခကာ ကွယ်လွန်သည့်တိုင် စာပေများရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ် စာပေလောကတွင် သားလိမ္မာဝတ္ထုဖြင့် ရှုမဝတစ်ထောင်ဆုရသည်။ ထိုအချိန်မှစ၍ ထင်ရှားခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် လွမ်းသစ္စာတိုင် ဝတ္ထုဖြင့် ဘားမာစတား ဝတ္ထုရှည် ဆုငွေ တစ်ထောင့်ငါးရာကျပ် ရခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ချီးမြှင့်သည့် အနုပညာစာပေ ပြိုင်ပွဲ၌ ဝတ္ထုရှည် ပထမဆု၊ ၁၉၆၆ ခုနှစ်တွင် ရိုးမတောင်ကြီးကိုသာ ဖြိုလိုက်ချင် တော့ဝတ္ထုဖြင့် အမျိုသားစာပေဝတ္ထုရှည် စတုတ္ထဆု၊ ၁၉၇၀ ပြည့် နှစ်တွင် ခရီးဝင်္ကပါဖြင့် အမျိုးသား စာပေပဒေသာဆု အစရှိသည်တို့ ရရှိခဲ့သည်။ ဂျပန်နိုင်ငံအိုဆာကာ တက္ကသိုလ်မှ ပါမောက္ခ ယူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆို၍ တိုယိုတာဖောင်ဒေးရှင်းမှ ထုတ်ဝေခဲ့သည်။ ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်တွင် ကဗျာဆရာ မင်းလွင်(ဦးထွန်းရှိန်) နှင့် လက်ထပ်ခဲ့သည်။ “ဂနိုင်မေ”၊ “အထွေး၊” “စိန်စိန်” ကလောင်အမည်များဖြင့် တိုင်းရင်းသူ၊ ဂျာနယ်ကျော်၊ မြန်မာ့အလင်းသတင်းစာ၊ စာပေဗိမာန်၊ `ရှုမဝ၊ ငွေတာရီ၊ မြဝတီ စသည့်စာနယ်ဇင်းများ၌ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပေါင်း ၁၀၀ ကျော်ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လထုတ် တိုင်းရင်းသူဂျာနယ်ပါ “ခရီးဆက်ကြ ပါစို့” လေးချိုးကြီးစာမူကို ထုတ်ဝေခဲ့သည်။ ထို့အပြင် “ဂနိုင်မေ”ကလောင် အမည်ဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုကိုရေးဖွဲ့ခဲ့သည်။ ထုတ်ဝေခဲ့သော လုံးချင်းလက်ရာများမှာ သား လိမ္မာ(၁၉၅၄)၊ အောင်နိုင်(၁၉၆၀)၊ မြေဇာပြုန်းမှဆုံးမှာလားရှင်(၁၉၆၁)၊ ရွှေနှင်းဆီ(၁၉၆၂)၊ ချစ်ငြိုးချစ် မာန်(၁၉၆၂)၊ လွမ်းသစ္စာတိုင်(၁၉၆၃)၊ သီတာချမ်းမြ(၁၉၆၃)၊ သိစေချင်ပါသည်(၁၉၆၄)၊ နှင်းသက်ဆယ်ပြန်(၁၉၆၆)၊ လှ(၁၉၆၆)၊ ခရီးဝင်္ကပါ (၁၉၇၀)၊ မလင်းတဖုံ လင်းတဖုံ (၁၉၇၀)၊ ရိုးမတောင်ကြီးကိုသာ ဖြိုလိုက်ချင်တော့ (၁၉၇၄) တို့ဖြစ်သည်။ ကိုယ်တွေ့ ဝိပဿနာနှင့်ဆိုင်သော စာအုပ်နှစ်အုပ်လည်း ရေးခဲ့ရာ စွန်းလွန်းသောဆေးနည်း (၁၉၆၂)၊ ကြုံဖူးမှ ယုံစဖွယ် (၁၉၆၂)တို့ ဖြစ်သည်။
စာရေးဆရာမ စိန်စိန်သည် ၁၉၇၂ ခုနှစ် ဇွန်လ ၆ ရက်တွင် သာယာဝတီပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။­­

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....