ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တင်မိုး

အမည်ရင်းမှာ ဦးဘဂျမ်း ဖြစ်ပြီး၊ ကလောင်အမည်ခွဲ များမှာ ကန်မြဲသက်နှင်း၊ ကန်မြဲ နန်းမြင့်နွယ်၊ ကိုရင်ဂျမ်း၊ စန်းရောင်တို့ဖြစ်သည်။ အဖ စက်ချုပ်ဆရာကြီး ဦးဘအို၊ အမိ ဒေါ်စံထယ်တို့က ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကန်မြဲရွာ၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဆုံးဖြစ်သည်။
ဇဂျမ်းတိုင်းရင်းမြန်မာ အလယ်တန်းကျောင်း၊ ကန်မြဲ မန္တလေးကျောင်းတိုက်ဆရာတော် ဦးအာစာရ ကျောင်း၊ ပခုက္ကူမြို့ ဆရာဦးခင်မောင်ကြီး ကျူရှင်ကျောင်း၊ ရေစကြို အစိုးရ အထက်တန်းကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာ ဘွဲ့ ရရှိခဲ့သည်။
၁၉၅၇-၅၈ ခုနှစ်တွင် မန္တလေးပွဲကုန်းကျောင်း၊ ၁၉၅၈-၅၉ တွင် မန္တလေး အေးတက္ကသိုလ် ကျောင်း၊ ၁၉၅၉-၆၀ ခုနှစ်တွင် မြင်းခြံ အောင်တက္ကသိုလ်ကျောင်း၊ ၁၉၆၀-၆၁ ခုတွင် မန္တလေး ရွှေမန်း တက္ကသိုလ်ဝင်ကျောင်း၊ အာအာအိုင်ကျောင်း၊ ၁၉၆၁-၆၂ ခုနှစ်တွင် ရန်ကုန် ဗွီအီးအေအလွတ်ပညာ သင်ကျောင်း၊ ၁၉၆၂-၆၇ ခုနှစ်တွင် မန်္တလေးနေပြည်တော် ထက်တန်းကျောင်း(အမှတ် ၁၇၊ အထက)တိ့ု၌ အထက်တန်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၇ ခုမှစ၍ ပင်စင်ယူသည်အထိ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်များထုတ်ေ၀ ရေးဌာန တွင် အမှုထမ်းခဲ့သည်။
ကန်မြဲရွာ လူငယ်စာကြည့်တိုက်တည်ထောင်သူနှင့်အတွင်းရေးမှူး၊ ရေစကြိုကျောင်းသား သမဂ္ဂ ဉာဏဗလမှူး၊ ရေစကြို ကလောင်ရှင်အသင်း တည်ထောင်သူနှင့် အတွင်းရေးမှူး ၁၉၅၇-၅၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ကလောင်အသင်းတွင် ဒုတိယဥက္ကဋ္ဌ၊ ၁၉၆၀-၆၁ ခုတွင် ဥက္ကဋ္ဌ၊ ၁၉၆၃-၆၇ ခုနှစ်တွင် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းအမှုဆောင် တာဝန်ယူခဲ့သည်။ ကန်မြဲ စာကြည့်တွင် အရုဏ်ဦး ငါးရက်တစ်ကြိမ်ထုတ် လက်ရေးသတင်းစာကိုလည်းကောင်း၊ ရေစကြိုအစိုးရ အထက်တန်းကျောင်းတွင် ဒေါင်းနီနံရံကပ်လက်ကမ်းစာစောင်ကိုလည်းကောင်း ကြီးမှူးထုတ်ဝေခဲ့ သည်။
အသက် ၁၄ နှစ်အရွယ်မှစ၍ ကဗျာများ စရေးခဲ့သည်။ ၁၉၅၀ ပြည့်နှစ် သီတင်းကျွတ်အထူး ထုတ် ဗဟိုရ်စည်သတင်းစာတွင် ကန်မြဲသက်နှင်းအမည်ဖြင့် “ဝါကျွတ်သဘင်” ကဗျာကို ပထမဆုံးဖော်ပြခဲ့ရသည်။ ၁၉၅၁ ခုနှစ်တွင် စာရေးဆရာအသင်း“စာဆိုတော်မဂ္ဂဇင်း” “လယ်ထဲက တေးသံချို”ကဗျာကို ကန်မြဲနန်းမြင့်နွယ်ကလောင်အမည်ယူ၍ စရေးသည်။ လူထုဂျာနယ် တွင် ကိုရင်ဂျမ်းအမည်ဖြင့်လည်းကောင်း၊ စန်းရောင်အမည်နှင့်လည်းကောင်း ကဗျာများ ရေးခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဖေဖော် ဝါရီလထုတ် သွေးသောက် မဂ္ဂဇင်းတွင် “အခိုးခံရသောကာရန်ကလေး”ကဗျာမှ အစပြုကာ တင်မိုးအမည်ယူခဲ့သည်။
ရေးသားခဲ့သည့်ကဗျာစာအုပ်များမှာ ဖန်မီးအိမ် (၁၉၅၉)၊ လှေတစ်စင်းနှင့်သီချင်းသည် (၁၉၆၃)၊ ပန်းဈေးခင်း (၁၉၆၇)၊ စိမ်းလန်းသောအိပ်မက်(၁၉၆၉)၊ နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း (၁၉၇၃)၊ ပုဂံကျောင်းကခေါင်းလောင်းသံ(၁၉၇၇)၊ ကန္တာရနှစ်များ(၁၉၈၈) ကဗျာစာအုပ်များ၊ အမေ့ကျောင်း (၁၉၆၅)၊ ထီးကလေးနဲ့မနီ(၁၉၇၀)၊ ပျိုးခင်းတေးသံ(၁၉၇၁)ကလေးကဗျာများ၊ ပိတောက်မှသရဖီသို့ (၁၉၆၇) စကားပြေနှင့် ခုနစ်စင်ကြယ်(၁၉၇၂) စာပေဆောင်းပါးစုစာအုပ်များကို ရေးသားထုတ်ေ၀ ခဲ့သည်။ ထို့အပြင် “ကိုရင်ဂျမ်း”ကလောင်အမည်ဖြင့် ဘဝကြေးမုံ(၁၉၅၄)၊ ပန်းလက်ဆောင်အစမ်း စမ်း(၁၉၆၀)၊ စာဆို ကြေးမုံ(၁၉၆၇)၊ ပွင့်ဦးအစမ်းစာ(၁၉၆၈)နှင့် အထက်တန်း မြန်မာစာ သင်ကြားမှု အထောက် အကူပြု စာအုပ်များကိုလည်း ရေးခဲ့သည်။
၁၉၅၉ ခုနှစ်တွင် “ဖန်မီးအိမ်”ကဗျာစာအုပ်ဖြင့် စာပေဗိမာန်ဆု၊ ၁၉၇၀ ပြည်နှစ်၌ “ထီးကလေး နဲ့ မနီကဗျာ” ဖြင့် အမျိုးသားစာပေဆုတွင် ကလေးစာပေဆု အဖြစ် ရရှိခဲ့သည်။
၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....