ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တောင်ပေါက်ဆရာတော်

အမည်ရင်းမှာ မောင်ဘခင်ဖြစ်ပြီး အဖ ခမည်းတော် စစ်ကဲတော်မင်း ဦးယော၊ အမိ မယ်တော်ဒေါ်သက် တို့ဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၂၃၉ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ ရက်၊ (၁၈၇၇ခုနှစ် အောက်တိုဘာလ ၂၂ ရက်)နေ့တွင် တောင်တွင်းကြီးမြို့နယ် မြင်ကွန်းမြို့၊ ဈေးအနီးအရပ်၌ ဖွားမြင်တော်မူသည်။ မွေးချင်းနှစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။ ကလောင်အမည်မှာ ရှင်စက္ကပါလ ဖြစ်ပြီး သည်။ ငယ်စဉ်က မြို့လုလင်ခင်ကြီး ဦးထိန်သီးထံတွင် ပညာဆည်းပူးသည်။ အဘိုး ဦးရွှေမိုး ထံမှလည်း လက်ရိုး၊ လက်ဆန်း၊ လောကီ တတ်သင့်ဖွယ်ရာများ သင်ယူသည်။ ၁၆ နှစ်သားအရွယ် တွင် ဝဇီရာရာမ ဆရာတော်ကြီးထံတွင် ဆည်းကပ်ပညာသင်ကြားသည်။ပထမပြန် ဆရာတော် လူထွက် ဥပသကာကြီး ဆရာဦးရန်နှင်းကလည်း ပညာသင်ပေးသည်။ သက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် ရှင်သာမဏေဝတ်ပြီးဘွဲ့မှာ ရှင်စက္ကပါလ ဖြစ်သည်။
ရှင်သုံးဝါတိုင်တိုင် ဝဇီရာရာမဆရာတော် ကြီး နှင့် ဘုံပျံဆရာတော်ကြီးထံမှာ ပညာဆက်လက်သင်ယူသည်။ သက္ကရာဇ် ၁၂၅၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်တွင် ရဟန်းဝတ်သည်။ သာမဏေ (၃)ဝါ၊ ရဟန်း (၃)၊ ပေါင်း (၆)ဝါအတွင်း မော်လမြိုင်သီတင်းသုံးနေစဉ် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ခုဒ္ဒသိက္ခာနှင့် တကွ ဝိနည်းငယ်သုံးစောင်၊ အဘိဓာနပ္ပဒီပိကာ၊ ပါရာဇိကဏ်အဌကထာ၊ နေတ်္ထိပါဠိတော်နှင့် အဋ္ဌ ကထာ၊ ဋီကာ၊ သဒ္ဒနီတိ၊ သုတ္တမာလာ ကျမ်းများကို ကျကျနနတတ်မြောက်ခဲ့သည်။ သာမဏေဘ၀ တွင် သီဟိုဠ် ရဟန်းများနှင့်အတူနေရသော ကြောင့် မာဂဓပါဠိဘာသာကို သွက်လက်စွာပြောတတ် သည်။ သက္ကရာဇ် ၁၂၆၂ခုနှစ်တွင် ရန်ကုန် ကြားတောရ ဝေဠုဝန်ဆရာတော် အရှင်ပဏ္ဍဝံသထံတွင် အဋ္ဌကထာ၊ ဋီကာကျမ်းများစွာကို သုံးနှစ်သင်ယူသည်။
မန္တလေးအနောက်ပြင် စကုတိုက် ပန်းထိမ် ကျောင်း၌ သီတင်းသုံးကာ ချမ်းသာကြီးဆရာတော်နှင့် ဆင်တဲဆရာတော်ကြီးတို့ထံတွင် သင်ရိုး ပိဋကတ် နေ့ဝါညဝါအဖြာဖြာကို နည်းနာများ တစ်ဝါကြာမျှ ခံယူခဲ့သည်။ မြန်မာဘုရင် လက်ထက်က ပုဏ္ဏားတော်ကြီး သမာရသျှံထံတွင် သွာရဂတီ သင်္ခတဘာသာ ဗျာကရုဏ်းကျမ်းကိုလည်း သင်ယူခဲ့ သည်။ ပုဏ္ဏားတော်ကြီးသမာရသျှံမရှိတော့သည့်နောက်ပိုင်းတွင် မန္တလေးပတ္တမြားတိုက် အရှင်စန္ဒြ မဏိထေရ်ထံ­၌ မပြီးပြတ်သေးသောကျမ်းများကို ဆက်လက်သင် ယူခဲ့သည်။သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး ခိုတောင်တောရ ရတနာဘုမ်္မိချောင်တွင် စာဝါပို့ချ ပေးသည်။ ၁၅ ဝါတိုင်တိုင် စာဝါပို့ချခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းများ ပြုတော်မူသည်။ မော်လမြိုင် ရတနာဘုံပျံ ကျောင်း တွင်လည်း စာဝါပို့ချသည်။ ၁၂၈၉ ခုနှစ်တွင် မန္တလေး မဟာဝေယန် ဘုံသာ အုတ်ကျောင်းတိုက်ကြီး၌ စာဝါပို့ချပေးသည်။ ၁၂၈၆ ခု ဝါဆိုလဆုတ် ၈ ရက် ဗုဒ္ဓဟူးနေ့တွင် အဆိုပါ ကျောင်းတိုက်အတွင်းမှာ စက္ကာလင်္ကာ ရ ခဏ္ဍသိမ်တော်ကြီးကို သမုတ်ပေးတော်မူသည်။
သက္ကရာဇ် ၁၂၉၀ ပြည့် ဝါဆိုလဆန်း ၈ ရက်တွင် မော်လမြိုင်တောင်ပေါက်ကျောင်း၌ စာဝါပို့ချခြင်း၊ ကျမ်းစာရေးခြင်းနှင့် ၁၂၉၂ ခုနှစ်တွင် မော်လမြိုင်မြို့ ပရိယတ်္တိသဒ္ဓမ္မပါလ အသင်းကိုဖွဲ့ စည်းပြီး နှစ်စဉ်စာမေးပွဲ ကျင်းပစေခြင်း အစရှိသည်ဖြင့် သာသနာ့အကျိုးကို သယ်ပိုးတော်မူသည်။ ၁၂၉၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်းကို ခံယူတော်မူသည်။ ထို့ပြင် ပါဠိပညာရေး နာယက ဆရာတော်များအဖွဲ့ဥက္ကဋ္ဌ၊ ဝိနိစ္ဆယဌာန ဝိနည်းဓိုရ်ဆရာတော်၊ ဆဋ္ဌမသင်္ဂါ ယနာ သြဝါဒါစရိယနိုင်ငံတော် သံဃမဟာနာယက အဖြစ်လည်း ချီးမြှောက်ပူဇော်ခံရသည်။သက္ကရာဇ် ၁၃၀၀ ပြည့်တွင် ရန်ကုန်၊ သရက်တောတိုက် တောင်ဘီလူးကျောင်း၌ တစ်ဝါဆို၍ “ပါကတမဉ္ဇရီ”မည်သော ဗျာကရုဏ်းကျမ်း နိဿယကို ရေးတော်မူသည်။
စာပေနှင့် ပတ်သက်ပြီး ဆရာတော်ကြီး စီရင်အပ်သောကျမ်းပေါင်း ၅၆ ကျမ်းရှိရာ ၎င်းကျမ်းများအနက် ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်းကြီးမှာ အကျော်စောဆုံးဖြစ်သည်။ ဆရာတော်ကြီး ရေးသားခဲ့သည့်စာအုပ်များမှာ ကလေးသူငယ်များ သင်ကြားနိုင်ရန် ကျမ်းစောင်ငယ်တစ်ကျမ်း၊ ဗုဒ္ဓ သာသနိက ပဌဝီဝင် ကျမ်းအကျဉ်းအကျယ် နှစ်မျိုးရှိရာ ပုံနှိပ်ပြီးကျမ်းမှာ အကျယ်ဖြစ်သည်။ ဗုဒ္ဓ သာသနာတော်ကြီး နှင့်ပတ်သက်၍ ယခုမျက်မှောက် မိမိတို့သိရှိယူဆထားသည်ထက် ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန်ရေးသားပြုစုထားသောပထဝီကျမ်းအကျယ်ဖြစ်သဖြင့် အရေးပါအရာရောက်သော ကျမ်းကြီး တစ်စောင်လည်းဖြစ်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....