ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တက္ကသိုလ်နေဝင်း

ဖခင် အရေးပိုင် ဦးဘိုးရင်၊ မိခင် ဒေါ်အမာတို့မှ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၁၉၁၈ ခုနှစ် မေလ ၂၅ ရက် နေ့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးထွန်းလှဖြစ်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော် မြဲတာဝန်ကို ထမ်းဆောင်ခဲ့ရာ ဗိုလ်ထွန်းလှဟု နာမည်တွင်ခဲ့သည်။
စစ်ကြိုခေတ်ကာလ၌ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ် စာဂုဏ်ထူးဖြင့် ဆွတ်ခူး အောင်မြင်ခဲ့သည်။ ၁၉၃၆ ခုနှစ်၌ ဒဂုန်မဂ္ဂဇင်းတွင် “အမြွှာညီနောင်“အမည်ရှိ ဝတ္ထုကို စတင်ရေးသား ခဲ့သည်။
စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် သမဂ္ဂထုတ်အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်၊ စစ်ပြီး ခေတ် အိုးဝေသတင်းစာတွင် အယ်ဒီတာချုပ် စသည်ဖြင့် စာပေတာဝန်များ ထမ်းဆောင်ခဲ့သည်။ ထို့အပြင် မြန်မာ့အလင်းသတင်းစာတွင် ပင်တိုင်ဆောင်းပါးများ ရေးသားခဲ့သည်။ “နေရှင်း” အင်္ဂလိပ် သတင်းစာနှင့် “နိုင်ငံသစ်” သတင်းစာများတွင်လည်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မြဝတီ၊ သွေးသောက်နှင့် အခြားမဂ္ဂဇင်း၊ စာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး အမြောက်အမြားရေးသားခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းသည့် အကြောင်းအရဆောင်းပါးများကိုလည်း အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အများအပြားရေးသားခဲ့သည်။
၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံမှစ၍ မြန်မာ့လွတ် လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါး တော်မြဲအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်အထိ အမှုထမ်းခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြေပြန့်မှ ကိုယ်စားလှယ်အဖွဲ့ဝင် ခုနစ်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲများတွင် ပါဝင်ခဲ့သောကြောင့် နိုင်ငံတော် ကောင်စီက ၁၉၈၀ ပြည့်နှစ်၌ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရရှိခဲ့သည်။
စာပေနယ်တွင်သာမက ရုပ်ရှင်လောကတွင် ဇာတ်ညွန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် စသည်ဖြင့် နာမည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မင်းသားကျော်ဆွေ၏ “မြတ်နိုးသူရယ်”ဇာတ်ကား မန္တလေးရုပ်ရှင်မှ “ရေမြေဆုံးတိုင်””စကြဝဠာရုပ်ရှင်၏ “နွေဦး ချစ်သူ ”စသည် ဇာတ်ကားမှာ တက္ကသိုလ်နေဝင်းဇာတ်ညွှန်း ရေးသားပေးခဲ့သော ဇာတ်ကားများ ဖြစ်သည်။
တက္ကသိုလ်နေဝင်းသည် ၁၉၆၂ ခုနှစ်က ပင်ကိုရေး လုံးချင်းဝတ္ထု “မေတ္တာရေလှိုင်းကို မြင့်မြင့်ခင်၊ မောင်သင်၊ သီသီ၊ အကယ်ဒမီ လေးဦးနှင့် ထိုဝတ္ထုအမည်ဖြင့်ပင် ဆေးရောင်စုံဇာတ် ကားရိုက်ကူးခဲ့သည်။ ထို့နောက် ၁၉၈၇ ခုနှစ်၌ ဒါရိုက်တာ သက်မောင်မောင်က ထိုဇာတ်ကားကိုပင် နေအောင်၊ ထွန်းထွန်းနိုင်၊ မေဆွိတို့နှင့် ပြန်လည်ဆန်းသစ် ရိုက်ကူးခဲ့ရာ နှစ်ကြိမ်စလုံးပင် အောင်မြင် ပြီး လူကြိုက်များခဲ့သည်။
ဆရာဒီဒုတ်ဦးဘချို၊ မန္တလေး ရွှေပြည် ဦးဘတင်၊ ညွှန်ကြားရေးဝန်ဦးခင်ဇော်တို့ထံတွင် မြန်မာ့ဂီတ အနုပညာကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ သီချင်းကြီး၊ သီချင်းခန့် စသည်တို့ကို လေ့လာဆည်းပူး ခဲ့သည်။ သံရုံးများမှ သံတမန်များအား မြန်မာ့အနုပညာအကြောင်းနှင့် သီချင်းကြီးများ အကြောင်းကို အင်္ဂလိပ်လို ဟောပြောရာ လူကြိုက်များခဲ့သည်။
တက္ကသိုလ်နေဝင်းသည် အမှတ် (၃၃) ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်ခဲ့ပြီး မကွယ် လွန်မီ ခြောက်လခန့်တွင် ရန်ကင်းမြို့နယ် ရန်နိုင်လမ်းသွယ် (၉)၊ အမှတ် (၁၄၈/ ခ) သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာမှ ၁၉၉၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....