ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဇဝန

အဖ ဆန်ကုန်သည် ဦးဖိုးမင်းနှင့် အမိ ဒေါ်မြတို့မှ ၁၉၁၁ ခု ဒီဇင်ဘာလ ၁၀ ရက် တနင်္ဂနွေနေ့ ပြည်မြို့ ကြိုးတန်း ရပ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၄ ယောက်တွင် ၁၀ ယောက်မြောက်သား ဖြစ်သည်။ အမည်ရင်းမှာ ဦးသိန်း ဖြစ် သည်။ ပြည်မြို့ ကျောင်းကြီးရပ် ဦးဘအို မြန်မာစာသင်ကျောင်းတွင် စတုတ္ထတန်းထိ သင်ယူခ သည်။ ၁၉၂၀ ပြည့် နှစ်တွင် ပြည်မြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့ရာ ၁၉၂၇ ခုနှစ်တွင် ၁၀ တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၃၀ ပြည့် တွင် ရန်ကုန်တက္ကသိုလ်မှ ထွက်ခဲ့သည်။ဂျာနယ်ကျော်၊ ဒီးဒုတ်ဂျာနယ်နှင့် အိုးဝေသတင်းစာတို့တွင် အယ်ဒီတာ၊ မြဝတီမဂ္ဂဇင်းနှင့် ကလေးဂျာနယ်တို့၏ တာဝန်ခံအယ်ဒီတာ (၁၉၅၆-၅၈)၊ သောကြာစာစောင်နှင့် ကြေးမုံသတင်းစာ တည်ထောင်ရာတွင်ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကြေးမုံသတင်းစာ အယ်ဒီတာချုပ်အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။
၁၉၅၂-၅၃၊ ၁၉၅၈၊၁၉၆၀-၆၁ တို့တွင် စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၄ ၌ ဘားမားဘွိုင်းမဂ္ဂဇင်း တွင် ဇာနည်ဘွား ဝတ္ထုကိုရေး၍ စာပေလောကတွင်းသို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၂၇ တွင် လန်ဒန်အတ်မဂ္ဂဇင်း ၌ ဇဝန ကလောင်အမည်သုံး၍ ဝတ္ထု ရေးခဲ့သည်။ အချစ်၊ အလွမ်း၊ စုံထောက်၊ ဟာသ၊ အသော့အထေ့ စာပြောင်များ (သရော်စာများ) ရေးရာတွင် ထင်ရှား၍ ကယ်ရီကေးချားများလည်း ရေးဆွဲခဲ့သည်။ ၁၉၅၂ ခု အာရှ-အာဖရိက စာရေးဆရာများ အရေးပေါ်ညီလာခံ (ဗီယင်နာ)၊ ၁၉၆၂ ခု အာရှ-အာဖိက စာရေးဆရာများ ဒုတိယညီလာခံ(ကိုင်ရို)တို့ ကို တက်ရောက်ခဲ့ပြီး ၁၉၆၀ တွင် ဂျပန်၊ ရုရှား၊ ယူဂိုဆလပ်၊ ဟန်ဂေရီနိုင်ငံများသို့လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ်တွင် သြစတြေးလျနိုင်ငံသို့လည်းကောင်း၊ လေ့လာရေးသွားရောက်ခဲ့သည်။ ဓာတ်ပုံ ပညာ (၁၉၃၀)၊ ကောလိပ်ကျောင်းသား (၁၉၃၅-၃၇)၊ ကောလိပ်ကြမ်းပိုး(၁၉၃၈)၊ ကောလိပ်ဂျင် (?)၊ တို့ကျောင်းသား (၁၉၃၉)၊ ဤရူပ (၁၉၄၀)၊ ရွှေဝါဆန် (၁၉၄၅)၊ မြို့လုံးပတ်လည် (၁၉၄၅)၊ ဦးလေး ပြောမယ်(၁၉၄၅)၊ ဆာယိုးနယား(၁၉၄၆)၊ ဒိုးဝမ်းကီး (၁၉၄၈)၊ အပါပုံပြောမယ် (ဇဝန ပုံပြင်) (၁၉၄၉)၊ ဆိုးပေ(?)၊ အရှေ့ဆီက လေနီကြမ်း (ဘာသာပြန်) (၁၉၅၂)၊ ဇဝန၏ ဇဝန (၁၉၈၃)၊တို့မှာ ထင်ရှား သည်။ ကလောင်အမည်ခွဲများမှာ ပရော်ဖက်ဆာ ဇဝနောစကီး၊ မောင်သိန်း(ပြည်)၊ ရတနာသိန်း၊ ဦးသိန်း (ဇဝန) တို့ ဖြစ်ကြသည်။
၁၉၈၃ ခု မတ်လ ၈ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....